Professional Scrum Product Owner Exam Preparation Guide
အသစ်ထွက်ရှိလာတဲ့ Scrum Guide က သူနဲ့ပတ်သက်တဲ့ စာမေးပွဲတွေအားလုံးပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာမယ်လို့ပြောထားပေမယ့် Professional Scrum Product Owner Course အပေါ်မှာတော့ သိသိသာသာကြီး ထူးခြားလာနိုင်မယ်လို့တော့ မဆိုနိုင်ပါ။
ဘာကြောင့်လည်းဆိုတော့..
PSPO – Professional Scrum Product Owner Exam Course အတွက် အတော်ကောင်းမွန်တဲ့ ရည်ညွှန်း၊ ပြဌာန်းစာအုပ် ရှိထားပြီးသောကြောင့်လို့.. ဆိုရမှာဘဲ။
ပြဌာန်းစာအုပ်ကို ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။
Scrum Framework ကိုရေးခဲ့တဲ့ ပညာရှင် Ken ရဲ့နိဒါန်းစကားလက်ဆောင်နဲ့အတူ ထွက်ပေါ်လာတဲ့ အဲဒီ ပြဌာန်းစာအုပ်ဟာ အဂျိုင်းလောကသားတွေ အတော်များများရဲ့ ထောက်ခံ ချီးမွမ်းခြင်းကို ရရှိခဲ့ပါတယ်။ အဲဒီ ပြဌာန်းစာအုပ်ကို ရေးခဲ့တဲ့ ပညာရှင် ၂ ယောက်ကလည်း IT Software Development နယ်ပယ်မှာ အတွေ့အကြုံ အတော်များပါတယ်။
Agile Product Development နဲ့ပတ်သက်တဲ့ ရှင်းလင်းတင်ပြချက်တွေဟာ အတော်လေး ထူးခြားပြောင်မြောက်တယ်လို့ ပြောကြပါတယ်။
စာအုပ်ကို အဓိက အပိုင်း ၃ ပိုင်း၊ အခန်းကဏ္ဍ ၉ ခုနဲ့ ဖွဲ့စည်းထားပါတယ်။
Scrum Framework အကြောင်းကိုတော့ Chapter တစ်ခုအနေနဲ့ သီးခြားတင်ပြထားပါတယ်။ Scrum Framework အပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေနဲ့ ပေါင်းစပ်တင်ပြထားပါတယ်။
ထူးခြားချက်တခုကတော့ ၂၀၁၈ ခုနှစ်ကတိုင်း သူတို့ တင်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက ယခု အသစ်ထွက်ရှိလာတဲ့ Scrum Guide နဲ့ အတော်လေးကို နီးစပ် တူညီနေတာ တွေ့ရပါတယ်။ ကျန်တဲ့ Chapter တွေကတော့ Agile Product Development နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အတွေးအခေါ်ပိုင်း၊ သီအိုရီပိုင်း၊ လက်တွေ့ ပိုင်းတွေနဲ့ ဝေဝေဆာဆာ တင်ပြထားပါတယ်။
အချို့အပိုင်းတွေမှာဆိုရင် အိုင်တီ၊ နည်းပညာ၊ စီးပွားစီမံနဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆတွေကို တမူထူးခြားစွာ တင်ပြထားတာမို့ နည်းပညာပိုင်းမှာဘဲ တစိုက်မတ်မတ် လုပ်လာပြီး စီးပွားစီမံအပိုင်းတွေနဲ့ ကင်းကွာခဲ့သူတွေအတွက် နားလည်း သဘောပေါက် လက်ခံနိုင်ဘို့တော့ အတော်လေး ကြိုးစားရပါတယ်။
ဘယ်ဟာက ပိုကောင်းတယ်.. ဘယ်ဟာက ပိုပြီးအဆင့်မြင့်တယ်.. လို့ ပြောဆိုခြင်းမဟုတ်ပါ။ လုပ်ငန်းနယ်ပယ်၊ ပညာရပ်နယ်ပယ် အပြောင်းအလဲတွေအပေါ်မှာ ဖြစ်တတ်တဲ့ ဒွိဟ သဘောကို ပြောတာပါ။ ပညာရပ်တိုင်းဟာ သူ့နေရာနဲ့အတူ အရေးပါကြတာပါဘဲ။
PSPO Exam Tips
Professional Scrum Master စာမေးပွဲအတွက် Scrum Guide ကို သေချာပိုင်နိုင် နားလည်ထားရင်ဘဲ အတော်အတန် လုံလောက်ပါတယ်.. လို့ပြောကြပါတယ်။
ဒါပေမယ့် Professional Scrum Product Owner Exam Course အတွက်ကတော့ အတော်လေး လုပ်ယူရမှာပါ။ ပိုခက်တယ်.. လို့ဘဲ ပြောရမလားဘဲ။ သူက Business Mindset, Technology Mindset, Management Mindset ထောင့်စေ့အောင် လေ့လာရတယ်။ Agile Concept, Product Development, Project Management, Business Analysis, Scrum Framework တွေအကြောင်းကို အတော်လေး ခြုံငုံမိအောင် လေ့လာခွင့်ရရှိပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ စိတ်ဝင်စားရင်ပေါ့လေ..
စိတ်မဝင်စားရင်တော့ ခေါင်းရှုပ်တာဘဲ အဖတ်တင်ပါမယ်။
Professional Scrum Product Owner Course ကိုလေ့လာသင်ယူတဲ့အခါ စာမေးပွဲ၊ အောင်လက်မှတ်အတွက်ရယ်လို့မဟုတ်ဘဲ အိုင်တီ နည်းပညာ စီးပွားစီမံဘာသာရပ်ကို ထဲထဲဝင်ဝင်လေ့လာမယ်ဆိုတဲ့ သဘောထားနဲ့ လုပ်မယ်ဆိုရင် ပိုပြီးအကျိုးများနိုင်ပါတယ်။
အတွေ့အကြုံလေးတခုကို မျှဝေချင်ပါတယ်။
Learn Smart
ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရပြီး Software Development နယ်ပယ်မှာဘဲ တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ငန်းနယ်ပယ်ပြောင်းဘို့ ရည်ရွယ်ပြီး သင့်တော်မယ့် နည်းပညာဆိုင်ရာ စီးပွားစီမံသင်တန်းတစ်ခုခု တက်ချင်ကြောင်း စုံစမ်းလာပါတယ်။ Knowledge Plaza ကဖွင့်တဲ့ Professional Scrum Master သင်တန်းမှာ ဝင်ရောက်တက်ဖြစ်ခဲ့ပါတယ်။ ကေပီရဲ့ ထုံးစံအတိုင်း စာမေးပွဲအတွက်ရယ်သာ မကဘဲ ထဲထဲဝင်ဝင်နားလည်အောင် သေချာဆွေးနွေးသင်ပေးခဲ့ပါတယ်။
သင်တန်းသူရဲ့ ထူးခြားချက်တွေကတော့..
အိုင်တီသမားစစ်စစ်ဖြစ်ခဲ့တယ်။
အချိန်တိကျတယ်။
စေ့စပ်တယ်။
သေချာလေ့လာတယ်။ ပေးထားတဲ့ စာအုပ်ကို အခေါက်ခေါက် အခါခါဖတ်ကြည့်တယ် ပြောတယ်။
အဂ်လိပ်စာ ကောင်းတယ်။
Microsoft Teams အွန်လိုင်းပေါ်မှာ ဆွေးနွေးသင်ကြားပေးတာ ဖြစ်ပေမယ့်လည်း သူ့ဘက်က ဗွီဒီယိုကို အမြဲတမ်းပိတ်ထားပြီး၊ လိုအပ်မှဘဲ မိုက်ကရိုဖုန်းကို ဖွင့်ပြီး ပြန်လည်မေးမြန်းလေ့ရှိပါတယ်။ Agile Principles တွေထဲမှာတော့ Face to Face Conversation ကအကောင်းဆုံး..လို့ပြောထားပေမယ့် ဒီအတန်းမှာတော့ သူ့ရဲ့ မျက်နှာ အမူအယာကိုတောင် မမြင်ဘူးခဲ့ပါ။
သင်တန်းဆင်းပြီး သိပ်မကြာခင်မှာဘဲ Professional Scrum Master စာမေးပွဲကို ဖြေဆိုအောင်မြင်သွားပါတယ်။
လေ့လာသင်ယူစိတ် ပြင်းပြသူတယောက် ဖြစ်တဲ့အတိုင်း Professional Scrum Product Owner အကြောင်းကို ထပ်မံလေ့လာချင်တယ် ပြောတယ်။ သူ့အတွက် သင်ရိုးညွန်းတမ်းစဥ်းစားတဲ့အခါ စာမေးပွဲအတွက်ရယ်လို့မဟုတ်ဘဲ သတ်မှတ်ထားတဲ့ စာအုပ်အတိုင်း ပိုပိုသာသာသင်ပေးခဲ့ပါတယ်။ အတော်အတန်တော့ ခေါင်းရှုပ်သွားဟန်ရှိတယ်။ ရက်အနည်းငယ်ကြာတော့ PSPO – Professional Scrum Product Owner စာမေးပွဲဖြေတာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြောင်း အကြောင်းကြားလာတယ်။ ယုံကြည်မှု ခွန်အားတွေ တိုးလာကြောင်းလည်း ပြောပါတယ်။ ဒီထက် အဆင့်မြင့်တဲ့ စီပွားစီမံအကြောင်းအရာတွေကိုလည်း ထပ်မံလေ့လာချင်ကြောင်း တောင်းဆိုလာပါတယ်။
Agile Scrum Master, Product Owner နဲ့ပတ်သက်တဲ့ အယူအဆ၊ သဘောသဘာဝတွေ သူ့ခေါင်းထဲ သူ့ရင်ထဲမှာ ကိန်းအောင်း အမြစ်တွယ်သွားပြီလို့ ယူဆနိုင်ပါပြီ။
မကြာမီအချိန်အတွင်းမှာဘဲ Professional Scrum Product Owner Advance Level အောင်မြင်သွားပါပြီ။
အောင်မြင်မှုတွေ ဆင့်ကဲရရှိပါစေ..
ပညာရှင်များကို လေးစားလျှက်..