Survival for Small and Medium Enterprise Business
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုလို့ ပြောကြပါတယ်။
စီးပွားရေးလုပ်ငန်းအသေးစားတွေဟာ စလုပ်ရတာလွယ်မယောင်ရှိပေမယ့်..
ရေရှည်တည်တံ့ခိုင်မြဲအောင်၊ တိုးတက်အောင်လုပ်ဘို့ကတော့ အခက်အခဲတွေရှိပါတယ်။
သုတေသနစစ်တမ်းများအရ စီးပွားရေးလုပ်ငန်းအသစ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ လုပ်ငန်းစပြီး ပထမ ၅ နှစ်အတွင်းမှာဘဲ ကျရှုံးသွားကြတယ်လို့ ပြောထားပါတယ်။
စီးပွားရေးလုပ်ငန်းသစ်တွေ ကျရှုံးရခြင်းအကြောင်တွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ပစ္စည်းအရည်အသွေးမကောင်းလို့၊
မားကက်တင်းမလုပ်တတ်လို့၊
ဖောက်သယ်တွေကို ထိန်းမထားနိုင်လို့၊
ဝန်ထမ်းကောင်းတွေမရှိလို့.. စသဖြင့် အမျိုးမျိုးပြောနိုင်ပါတယ်။
အဓိကအရေးကြီးတဲ့ အချက်တစ်ခုကတော့ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးရေးဆိုင်ရာ စီမံခန့်ခွဲ့မှု အားနည်းလို့ဘဲဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းသစ်တွေမှာ ကြုံတွေ့ရတတ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကတော့..
- Insufficient capital
- Poor cash management
- Poor record keeping and controls
- Improper product pricing
- Uncontrolled growth
ဒီအကြောင်းအရာတွေဟာ တစ်ခုနဲ့တစ်ခု အပြန်ပြန်အလှန်လှန်ဆက်စပ်ပတ်သက်နေပါတယ်။
တစ်ခုချင်းဆီကို ထပ်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်..
Insufficient capital: အရင်းအနှီးမလုံလောက်ခြင်း
လုပ်ငန်းသစ်တွေစတင်ဘို့ အကြံအစည်ကောင်းတွေရှိနေပေမယ့် တကယ်တမ်းလုပ်တော့မယ်ဆိုရင်တော့ ငွေအရင်းအနှီး လိုအပ်ပါတယ်။
ရှိသလောက်နဲ့စမယ်ဆိုစေအုံးတော့ စိတ်တိုင်းကျ လုပ်ချင်သလောက် လုပ်လို့မဖြစ်တာတွေရှိလာမယ်။
အမြတ်အစွန်းက ချက်ချင်းမလာခင် တောက်လျောက်ရင်းနေရမယ့်ကိစ္စတွေရှိမယ်။
Capital expenditure ငွေလုံးငွေရင်း ကုန်ကျစရိတ်တွေရှိမယ်။
Operating expense လုပ်ငန်းလည်ပတ်ဘို့ ကုန်ကျစရိတ်တွေရှိမယ်။
ဈေကွက်ဝင်ဘို့၊ ထိုးဖောက်ဘို့ ကုန်ကျစရိတ်တွေရှိမယ်။
အထွေထွေကုန်ကျစရိတ်တွေရှိမယ်။
အမြတ်အစွန်းရဘို့ကတော့ အချိန်အတိုင်းအတာတခုအထိ စောင့်ရမှာဖြစ်ပေမယ့် ကုန်စရာရှိတာကတော့ ကုန်နေပြီ။
အကြောင်းတစ်ခုခုကြောင့် ထပ်ပြီးရင်းနှီးရမယ့်ကိစ္စတွေရှိလာလို့ လုံလောက်တဲ့အရင်းအနှီး မရှိရင်တော့..
ခရီးတစ်ထောက်မှာဘဲ အမောဖောက်တဲ့စီးတော်မြင်းတစ်ကောင်လို လမ်းတစ်ဝက်မှာဘဲ စခန်းပျက်တဲ့ကိန်း ဆိုက်လာတတ်ပါတယ်။
No money, no business, no job.
အရင်းအနှီးမလုံလောက်ရင်တော့ ရှော့ရှိတတ်ပါတယ်။
တက်ကျမ်းတွေဖတ်ရင်တော့ အားတက်စရာပါ။
လက်တွေ့ဘဝမှာ ပိုက်ဆံမရှိရင်တော့ ကြီးကြီးကျယ်ကျယ်လုပ်လို့မရနိုင်ဘူး.. တဲ့။
ဒီလိုဆိုရင် လုပ်ငန်းလုပ်ဘို့ ရှိတာလေးနဲ့စလုပ်တာ မှားသလာလို့ မေးစရာရှိတယ်။
မှားတော့မမှားပါဘူး။
နောက်ထပ်တင်ပြမယ့် အချက်တွေကို သတိရစေချင်ပါတယ်။
Poor cash management: ငွေသား၊ ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
အရင်းအနှီးရှိလို့ လုပ်ငန်းတွေ စကြပြီ။
အမြတ်အစွန်းတွေလည်း ရနေပါပြီလို့ပြောကြပေမယ့် “လက်ထဲမှာပိုက်ဆံမရှိ” လို့ပြောတဲ့လုပ်ငန်းရှင်တွေကို တွေ့ဘူးပါလိမ့်မယ်။
တကယ်ဖြစ်တတ်ပါတယ်။
အမြတ်ဆိုတာကလည်း အကြမ်းဖြင်းတွက်ထားတာဘဲ ဖြစ်နေတတ်တယ်။
ဘယ်လောက်ဘိုးနဲ့ဝယ်ပြီး ဘယ်လောက်နဲ့ပြန်ရောင်း၊ ကျန်တာ အမြတ်ဆိုပြီး တွက်တတ်ကြပါတယ်။
လုပ်ငန်းစရိတ်၊ အရင်းအနှီးစရိတ်၊ အထွေထွေကုန်ကျစရိတ်၊ အမြတ်ခွန်အတွက်တွေ သေသေချာချာ ထည့်တွက်ထားသလား?
ရောင်းထားတာတွေက လက်ငင်းလား၊ အကြွေးနဲ့လား?
ရစရာရှိတဲ့ ကုန်ရောင်းအကြွေးတွေ ရပြီးပြီလား?
ပေးစရတွေကော ဘယ်လောက်ရှိသေးလဲ?
ချေးငွေတွေရော ပြန်ဆပ် ပြီးပြီလား?
လုပ်ငန်းလည်ပတ်နေစဉ်အတွင်း မမျှော်လင့်တဲ့ ကိစ္စတွေရှိလာတတ်ပါတယ်။
မမျှော်လင့်တဲ့ ကုန်ကျစရိတ်၊ ကုန်ကျစရာတွေ ရှိလာတတ်ပါတယ်။
ဒီလို အခြေအနေမှာ ငွေသားလက်ကျန် အလုံအလောက်ရှိနေဘို့ အရေးကြီးပါတယ်။
အမြတ်ရတယ်ဆိုပေမယ့် လက်ထဲမှာ ငွေပြတ်သွားရင် ရှော့ရှိတတ်ပါတယ်။
တစ်ချို့စီးပွားရေးသမားတွေပြောကြတယ်။
ငွေကြေးလည်ပတ်မှုကောင်းနေရင်ဘဲ လုပ်ငန်းကောင်းနေတယ်လို့ ဆိုလို့ရတယ်.. တဲ့။
Cash flows management လို့ခေါ်ပါတယ်။
ငွေကြေးလည်ပတ်မှုကို စနစ်တကျစီမံဘို့ဆိုတာကလည်း စနစ်တကျအသေးစိတ်မှတ်ထားတဲ့ ငွေအဝင်အထွက်စာရင်း၊ လုပ်ငန်းစဉ်၊ မှတ်တမ်းမှတ်ရာတွေ ရှိနေရပါမယ်။
နောက်ထပ်တင်ပြမယ့် အချက်တွေကို သတိရစေချင်ပါတယ်။
Poor record keeping and controls: စာရင်း၊ ဇယားအားနည်းခြင်း
အောင်မြင်နေတဲ့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့အဓိကအားသာချက်က “စာရင်းကိုင်ကောင်းတစ်ယောက်” ထားရှိခြင်းဖြစ်တယ်တဲ့။
စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ ကျင်လည်ခဲ့တဲ့ အလုပ်၊ လုပ်ငန်းနယ်ပယ်တစ်ခုခုကိုဘဲ ပိုပြီးအလေးထားလေ့ရှိတယ်။
ကုန်ထုတ်လုပ်မှုကို အလေးပေးတာ၊
မားကက်တင်း၊ အရောင်းကို အလေးပေးတာ၊
ဆိုရှယ်နဲ့ အဆက်အသွယ်တွေကို အလေးပေးတာတွေရှိတတ်ပါတယ်။
ဒါပေမဲ့ “စာရင်းကိုင်ကောင်းတယောက်” မွေးရမှာကို သတိမထားမိကြပါ.. တဲ့။
စာရင်း၊ ဇယားဆိုတာက စီးပွားရေးကုမ္ပဏီရဲ့ အသက်သွေးကြောပါ။
စနစ်တကျလုပ်ထားတဲ့ စာရင်းဇယားတွေမရှိရင်..
အရှုံးအမြတ်ဆိုတာလည်း သေချာမပြောနိုင်၊
ပေးရန်ရှိငွေ၊ ရရန်ရှိငွေဆိုတာတွေလည်း သေချာမဖော်နိုင်၊
ဖောက်သည်တွေအကြောင်းကိုလည်း သေချာမစီစစ်နိုင်၊
ကုန်ကျစရိတ်ကိုလည်း သေချာ မစီစစ်နိုင်၊
Suppliers တွေအကြောင်းလည်း သေချာမစီစစ်နိုင်တာတွေ ဖြစ်လာတယ်။
စာရင်းဇယား စနစ်တကျမရှိတော့ ထိန်းချုပ်ဘို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။
လုပ်ငန်းကသေးတော့ ဒါတွေမလိုသေးဘူးလို့ ပြောကောင်းပြောကြပါလိမ့်မယ်။
လုပ်ငန်းချဲ့ချင်လာမယ်၊ အရင်းအနှီးလိုချင်လို့ ဘဏ်ကငွေချေးချင်တယ်ဆိုတော့ ဒီကိစ္စတွေက မရှိမဖြစ်လိုအပ်လာပြီ။
ကိုယ့်လုပ်ငန်းအကြောင်းကိုသေချာမတင်ပြနိုင်တဲ့လုပ်ငန်းရှင်တစ်ယောက်ကို ဘယ်ဘဏ်ကမှ ငွေချေးချင်မှာမဟုတ်။
ကိုယ်ဟာကိုဘဲ ပိုမိုကောင်းမွန်အောင်၊ တိုးတက်အောင်၊ အမြတ်အစွန်းပိုများအောင်လုပ်မယ်ဆိုတော့ ဘယ်က စရမလဲ။
အမြတ်အစွန်းများဘို့အတွက်..
၁။ အရောင်းများအောင်လုပ်၊ Increase Revenue
၂။ အသုံးစရိတ်ကိုလျှော့ချ၊ Decrease Expense
အရောင်းတက်အောင် ကြိုးစားအားထုတ်ခြင်းနှင့် အရောင်းနဲ့ပတ်သက်လို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတွေအကြောင်းကို ဆက်လက်ဆွေးနွေးကြပါစို့။
Improper product pricing: ရောင်းကုန်ပစ္စည်းဈေးနှုန်း လျော်ကန်မှုမရှိခြင်း
ဈေးကွက်အကျယ်အဝန်းချင်းတူနေရင် ကုန်ပစ္စည်းဈေးနှုန်းဟာ အရောင်းဝင်ငွေ Sales Revenue ကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။
များများရောင်းချင်လို့ ဈေးလျှော့လိုက်ရင် အရောင်းတန်ဘိုးတက်မလာတဲ့အပြင် အရှုံးတောင် ပြသွားနိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။
အရောင်းတန်ဘိုးတက်ချင်လို့ ဈေးတင်လိုက်ပြန်တော့လည်း အရောင်းထိုင်းသွားပြီး ကိုယ်လိုချင်တဲ့အရောင်းပမာဏအထိ ရဘို့ရာမလွယ်တော့ဘူး။
ဖောက်သည်ပျက်မှာဆိုးလို့ အရင်းသာသာလောက်နဲ့ ရောင်းလွှတ်လိုက်ရရင်လည်း အထွေထွေကုန်ကျစရိတ်ကိုနှတ်လိုက်ရင် အရှုံးဘက်တောင်ရောက်သွားတတ်သေးတယ်။
လုပ်ငန်းစခါစဆိုတော့ အမြတ်အစွန်းကမလာသေး။
အမြတ်အစွန်းမလာသေးတော့ ဈေးကွက်ကို ချုပ်ကိုင်ဘို့လည်းမလွယ်သေးဘူး။
လုပ်ငန်းကြီးတွေက ဈေးနှုန်းကစားပြီး ကန်ထုတ်လိုက်ရင် ခဏလေးနဲ့ အပြင်ရောက်သွားနိုင်တယ်။
လုပ်ငန်းတိုးတက်အောင်လုပ်မှာလား၊ တောင့်ခံနိုင်အောင်လုပ်မှာလား သေချာစဉ်းစားရတော့မယ်။
ရောင်းကုန်ပစ္စည်းတခုရဲ့ဈေးနှုန်းဟာ ဖောက်သည်ကပေးနိုင်တာ၊ ပေးချင်တာထက်တော့ ပိုလို့မရနိုင်ဘူး။
တစ်ချိန်ထဲမှာဘဲ သင့်တော်တဲ့ အရောင်းတန်ဘိုး Sales Revenue ကိုလည်းရစေရမယ်။
နောက်ထပ် ဆွေးနွေးကြည့်ရအောင်။
Uncontrolled growth: လုပ်ငန်းတိုးတက်မှု မူမမှန်ခြင်း
စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမြတ်အစွန်းရရှိရေးပါဘဲ။
အမြတ်အစွန်းများလာရင် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ကြတာဟာ သဘာဝပါ။
ဘဝခရီးလမ်းကြောင်းလိုပါဘဲ စီးပွားရေးလမ်းကြောင်းရဲ့ အချိုးအကွေ့၊ အတက်အဆင်း၊ အပြောင်းအလဲတွေမှာ သတိထားစရာတွေရှိပါတယ်။
လုပ်ငန်းတိုးချဲ့ဘို့အတွက် အရင်းအနှီးလိုအပ်ပါတယ်။
အမြတ်အစွန်းရတဲ့ ငွေကြေးကို ပြန်လည်ရင်းနှီးတယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ။
ဒါပေမဲ့ ရံဖန်ရံခါဆိုသလို အမြတ်တွေအတော်များများဟာ အရင်းတွေထဲမှာ ပြန်မြုပ်နေတော့ အချိန်အတော်ကြာတဲ့အထိ ငွေမပေါ်ဘဲရှိတတ်တယ်။
အကြောင်းတစုံတရာကြောင့် အရေးပေါ် ငွေလိုအပ်တဲ့အခါ လက်ထဲမှာငွေအလုံအလောက်မရှိရင်တော့ လုပ်ငန်းစဉ်တွေမှာ ကမောက်ကမဖြစ်သွားတတ်တယ်။
ရှေ့တိုးဘို့အတွက် နောက်ကျောလည်း လုံနေရင်တော့ ကောင်းပါတယ်။
လုပ်ငန်းစခါစဘဲရှိသေး အရှိန်မရသေးဘဲ လုပ်ငန်းချဲ့ရင် ရှော့ရှိတတ်တယ်လို့ ပြောပါတယ်။
အတော်အတန်ကြီးတဲ့ စီးပွားရေးကုမ္ပဏီတွေမှာတောင် Aggressive Growth ကိုမလိုလားကြဘူး.. တဲ့။
ထမင်းလုတ်ဟာ ပါးစပ်ပေါက်ထက်ကြီးနေရင် မကောင်းဘူး.. တဲ့။
အစာမချက်နိုင်ဘဲ များများစားရင် ရင်ပြည့်တတ်သလိုပေါ့။
အပြန်အလှန်ဆက်သွယ်ချက်
အထက်မှာတင်ပြခဲ့တဲ့ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အစီအမံတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်စပ်နေပါတယ်။
လုံလောက်တဲ့ အရင်းအနှီးမရှိလို့..
ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ချင်ရင်လည်း ကုမ္ပဏီကအလားအလာကောင်းတယ်ဆိုတာ ပြောနိုင်ရမယ်။
ဘဏ်ကနေ ချေးငွေလိုချင်ရင်လည်း အလားအလာကောင်းတဲ့ အစီအစဉ်တွေကို တင်ပြနိုင်ရမယ်။
ကုမ္ပဏီရဲ့အခြေအနေမှန်ကိုသိဘို့ဆိုတာ စနစ်တကျမှတ်တမ်းတင်ထားတဲ့ စာရင်း၊ ဇယားတွေရှိရမယ်။
စာရင်း၊ ဇယားတွေမှန်ကန်မှ အလားအလာကို သေချာတွက်ချက်နိင်မယ်။ နောက်ထပ် ထိန်းချုပ်မှုကို သေချာလုပ်နိုင်မယ်။
သင့်တော်တဲ့ ရောင်းကုန်ပစ္စည်းဈေးနှုန်းကိုသတ်မှတ်နိုင်ရင် အရောင်းတက်လာဘို့ရှိတယ်။
အရောင်းတက်မှ အရင်းကျေဘို့၊ အမြတ်အစွန်းရဘို့စဉ်းစားနိုင်မယ်။
အမြတ်အစွန်းများမှ လုပ်ငန်းချဲ့ထွင်နိုင်မယ်။
လုပ်ငန်းချဲ့ဘို့ အရင်းအနှီးထပ်လိုရင် အရင်းအနှီးရှိသူတွေကို စွဲဆောင်နိုင်ရမယ်။
ဒီလိုဆိုရင် ဘဏ္ဍာရေး အစီအမံတွေကိုတင်ပြနိုင်ရမယ်။
ဒီလို တင်ပြနိုင်ဘို့ စနစ်တကျရှိတဲ့ စာရင်း၊ ဇယားတွေကိုအားကိုးရတယ်။
ဒီလိုနဲ့ အပြန်အလှန်ဆက်စပ်ပတ်သက်နေကြပါတယ်။
Business Plan
စီးပွားရေး လုပ်ငန်းစီမံချက်တွေ ရေးဆွဲရာမှာ Idea ကောင်းရှိရုံနဲ့ မလုံလောက်ပါ။
လုပ်ငန်းစတင်ဘို့ အကြံဉာဏ်ကောင်းလိုပေမယ့် ရေရှည်တိုးတက်ဘို့တော့ ဘဏ္ဍာရေးစာရင်း၊ ဇယားတွေနိုင်ဘို့လိုပါတယ်။
Business Plan ရေးဆွဲတဲ့အခါ ဘတ်ဂျက်အစီအစဉ်၊ ဘဏ္ဍာရေးရေးအစီအစဉ်တွေ သေချာတင်ပြနိုင်ရမယ်.. တဲ့။ Financial Modeling နဲ့ပတ်သက်လို့ တကယ် ကျွမ်းကျင်သူတွေ ပါဝင်ဘို့လိုပါတယ်။
ဒီပညာရပ်တွေကို စနစ်တကျ လေ့လာသင်ယူတတ်မြောက်ထားတဲ့၊ လုပ်ငန်းအတွေ့အကြုံတွေလည်းရှိတဲ့ ACCA, CPA, CFA, CIMA တို့လို ဘဏ္ဍာရေးပရော်ဖက်ရှင်နယ်တွေ၊ စပါယ်ရှယ်လစ်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
စီးပွားရေးလုပ်ငန်းမှာ ငွေကြေးစီမံခန့်ခွဲမှုက (လက်ခံဘို့ ခက်ပေမယ့်) အခရာကျပါတယ်။
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအကြောင်းကို ယေဘူယျတင်ပြခြင်းဖြစ်ပါတယ်။
ပညာရှင်များကို လေးစားလျက်..