The Important Issues of Revenue Recognition
စီးပွားရေးကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုပြောကြဆိုကြတဲ့အခါမှာ ကုန်ပစ္စည်းရောင်းအားဘယ်လောက်ကောင်းသလဲ? အသုံးစရိတ်ကို ဘယ်လောက်ချွေတာနိုင်သလဲ? .. ဆိုတာတွေနဲ့ ချိန်ထိုးလေ့ရှိကြပါတယ်။
ကုမ္ပဏီတစ်ခုရဲ့ “အချိန်ကာလတစ်ခုအတွင်း” အမြတ် သို့မဟုတ် အရှုံးဆိုတာ..
Revenue လို့ခေါ်တဲ့ အရောင်းဝင်ငွေနဲ့ Expense လို့ခေါ်တဲ့ အသုံးစရိတ်ရဲ့ ခြားနာခြင်းပါဘဲ။
အရောင်းဝင်ငွေများရင် အမြတ်ကျန်ဘို့ အခွင့်အလမ်းများတယ်။ အသုံးစရိတ်းလည်း လျော့နိုင်သမျှလျော့မယ်ဆိုရင်ပေါ့လေ။
အရောင်းဝင်ငွေကို Revenue, Sales လို့ ရေးသားပြောဆိုကြပါတယ်။
ဒီလောက်ရိုးရှင်တဲ့ သဘောတရားဖြစ်နေပေမယ့်လည်း..
ကုမ္ပဏီတစ်ခု ဘယ်လောက်မြတ်သလဲ? ဘယ်လောက်ရှုံးသလဲ? ဆိုတာတွေဟာ လက်ခံကျင့်သုံးနေတဲ့ စာရင်းဇယားစနစ်၊ စာရင်းဇယားအယူအဆတွေရဲ့ လွှမ်းမိုးမှုနှင့်လည်း ပတ်သက်နေပါတယ်။
Revenue doesn’t mean Cash
အရောင်းဝင်ငွေလို့ပြောရပေမယ့် စာရင်းထဲမှာရှိတဲ့ အရောင်းဝင်ငွေဟာ တကယ် ပိုက်ဆံရသေးတာ မဟုတ်တာလည်းဖြစ်နေတတ်ပါတယ်။ လုပ်ငန်းသဘာဝအပေါ်မှာ မူတည်ပါတယ်။
စူပါမားကက်လိုမျိုးမှာတော့ ကောင်တာမှာဘဲ လက်ငင်းငွေပေးချေတာဆိုတော့ စာရင်းအရအရောင်းငွေဆိုတာ တကယ့်ပိုက်ဆံ Cash ဖြစ်နေတတ်ပါတယ်။
လက်လီအရောင်းပုံစံမဟုတ်တဲ့ စီးပွားရေးပုံစံတွေမှာတော့..
အရောင်းဝင်ငွေဆိုတာ ငွေတောင်းခံလွှာ Invoice တွေရဲ့စုစုပေါင်းတန်ဘိုးဖြစ်ပါတယ်။
အများလက်ခံထားတဲ့ အရောင်းအဝယ်ဖြစ်စဉ်မှာ..
၁၊ အရောင်းအဝယ်ဖြစ်ဘို့အတွက် ကနဦးဆွေးနွေးကြ၊ ဈေးနှုန်းညှိနိုင်းကြ၊ Bargain
၂၊ အရောင်းအဝယ်သဘောတူ၊ Mutual Agreement
၃၊ Purchase Order ရောင်းသူဝယ်သူ သဘောတူ စာချုပ် လို့ပြောရင်လည်းရပါတယ်
၄၊ စာချုပ်ပါ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ပေးအပ်လွှဲပြောင်း၊ Delivery
၅၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအပေါ် ဝယ်သူကြေနပ်၊ Customer’s Satisfaction
၆၊ ဝယ်သူက ငွေပေးချေဘို့သဘောတူ၊ ရောင်းသူကလည်း ငွေတောင်းခံလွှာထုတ်ပေး၊ Invoice
၇၊ ဝယ်သူက ပိုက်ဆံချေ၊ Payment
ဒီဖြစ်စဉ်အရ နံပါတ် ၆ အဆင့်ဖြစ်တဲ့ Invoice တန်ဘိုးစုစုပေါင်းကို Revenue, Sales လို့ပြောကြပါတယ်။
ဒီဖြစ်စဉ်ကနေ “အများလက်ခံထားတဲ့ အရောင်းဝင်ငွေတန်ဘိုး” Revenue Recognition ဆိုတာ..
၁၊ ရောင်းသူဘက်က ပေးရမယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ပေးပြီးဖြစ်ရမယ်။ Work done
၂၊ ဝယ်သူဘက်က ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတန်ဘိုးကို ပေးချေပြီး သို့မဟုတ် ပေးချေဘို့ သဘောတူရပါမယ်။ Paid or Promise to pay
ဒီအချက် ၂ ခုလုံးနဲ့ညီရင် အရောင်း Revenue, Sales လို့ပြောလို့ရပါတယ်။
Financial Report – Income Statement
ကုမ္ပဏီတစ်ခုရဲ့ နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းတွေမှာလည်း..
ဒီတစ်နှစ်အတွက်
Revenue ရောင်းအားဘယ်လောက်ရှိတယ်..
Net Profit အမြတ်ဘယ်လောက်ကျန်တယ်..ဆိုတာတွေကို ပြောကြပါတယ်။
ကုမ္ပဏီတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကိုလည်း ဒီအချက်အလက်တွေနဲ့ ကိုးကားပြီးပြောကြပါတယ်။
အရောင်ဝင်ငွေနဲ့ပတ်သက်တဲ့ ဥပမာတခုကတော့..
၂၀၂၀ စက်တင်ဘာလထဲမှာ အရောင်းစာချုပ်တခု ပွဲဖြစ်သွားတယ်..ဆိုပါစို့။
၁။ ကုန်ပစ္စည်းတန်ဘိုး ဒေါ်လာ ၆၀,၀၀၀ ကျမယ်။
၂။ ကုန်ပစ္စည်းရောက်ပြီးရင် ဒေါ်လာ ၄၀,၀၀၀ ပေးချေရမယ်။
၃။ ကျန်တဲ့ငွေကို နောက် ၆ လကြာမှ ပေးချေမယ်။
၂၀၂၀ အောက်တိုဘာလမှာ ကုန်ပစ္စည်းရောက်၊ တပ်ဆင်။
ဝယ်သူကျေနပ်၊ Invoice ပေးလိုက်တယ်။
ပေးထာတဲ့ကတိအတိုင်း ဒေါ်လာ ၄၀,၀၀၀ ပေးချေလိုက်တယ်။ ကျန်ငွေကိုလည်း နောက် ၆ လကြာရင်ပေးမယ်။
၂၀၂၀ နှစ်ကုန်လို့ စာရင်းချုပ်လိုက်တဲ့အခါ..
အရှုံးအမြတ်စာရင်း Income Statement ထဲမှာ..
Revenue, Sales = 60,000 USD.
(လက်ငင်းပိုက်ဆံ ဒေါ်လာ ၄၀,၀၀၀ သာရထားပေမယ့် အရောင်းစာရင်းကို ဒေါ်လာ ၆၀,၀၀၀ လို့ပြတယ်။)
ရစရာရှိတဲ့ ဒေါ်လာ ၂၀,၀၀၀ ကို Account Receivable – AR စာရင်းထဲမှာ မှတ်ထားလိုက်တယ်။
စည်းကမ်းချက် ၂ ချက်လုံးနဲ့ဘောင်ဝင်တယ်။
ဒါကြောင့်..ပြောကြပါတယ်..
စာရင်းအရကတော့ အမြတ်ကျန်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ငွေကြပ်နေတယ်။
ငွေသား Cash နည်းနေတာကို ဆိုလိုတာပါ။
Accounting Principles
တခါတရံမှာတော့ (သိလို့လား၊ မသိလို့လား) စာရင်းလွဲချော်မှုတွေရှိလာပြီး..လူသိရှင်ကြား ဖေါ်ထုတ်ရတဲ့အနေအထားတွေရှိလာတတ်ပါတယ်။
ဥပမာ..
ကုမ္ပဏီတစ်ခုဟာ အိုင်စီတီ ဒေတာစင်တာနဲ့ပတ်သက်တဲ့ စက်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ရောင်းချတယ်ဆိုပါစို့။
၂၀၂၀ ဇွန်လထဲမှာ “ကွန်ပျူတာစက်ပစ္စည်းနဲ့ဝန်ဆောင်မှု Package တခု” ရောင်းလိုက်ရတယ်။
စက်ပစ္စည်းတွေ တပ်ဆင်ပြီးသွားပြီ။ အားလုံး ပုံမှန်အလုပ် လုပ်နေပြီ။
ဝယ်သူ ကျေနပ်တယ်။ Invoice ပို့လိုက်ပါလို့ မီးစိမ်းပြတယ်။
ကုမ္ပဏီကရောင်းလိုက်ရတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု Invoice ထဲမှာဖေါ်ပြချက်က..
- Computer servers with 6 months hardware warranty = 800,000 USD.
- Additional 3 year hardware & service warranty = 600,000 USD.
- Grand Total = 1,400,000 USD.
ဝယ်သူဘက်က အကုန်ငွေချေပေးပြီးသွားပြီ။
ဒေါ်လာ တစ်သန်း လေးသိန်းဖိုးရောင်းလိုက်ရတယ်ပေါ့။
၂၀၂၀ နှစ်ကုန်လို့ ကုမ္ပဏီဘဏ္ဍာရေးစာရင်းရှင်းတမ်း Income Statement ထဲမှာ..
Revenue = 1,400,000 USD လို့ဖေါ်ပြလိုက်ရင်..
အများအမြင်မှာ အရောင်းတက်၊ အမြတ်များ၊
ကုမ္ပဏီ၊ စီအီးအို၊ အရောင်းဝန်ထမ်း စွမ်းဆောင်ရည်ကောင်းတယ်လို့ ယူဆနိုင်ပေမယ့်.. မျက်စိရှင်တဲ့ စာရင်းစစ်နဲ့တွေ့ရင်တော့ နဲနဲရှော့ရှိတတ်ပါတယ်။
Additional 3 years hardware & service warranty အတွက်ရထားတဲ့ ဒေါ်လာ ၆ သိန်းကို ၂၀၂၀ ခုနှစ်ရဲ့ Revenue အရောင်းလို့ သတ်မှတ်လို့ မရနိုင်ဘူး..တဲ့။
ဘာကြောင့်လည်းဆို..နောက်ပိုင်းမှာပေးရမယ့် “အပိုစက်ပစ္စည်း၊ ဝန်ဆောင်မှု”ကို မပေးရသေးလို့ပါ..တဲ့။
စက်ပျက်မှ၊ ဆားဗစ်ခေါ်မှ လုပ်ပေးရမှာပါ။ ၃ နှစ်အတွင်း စောင့်ကြည့်နေရအုံးမှာ။
Revenue Recognition ရဲ့နံပါတ် (၁) စည်းကမ်းနဲ့ညိနေတယ်။
ဒီလိုဆို ဒေါ်လာ ၆ သိန်းကို ဘယ်စာရင်းမှာသွားပြီးထားရမလဲ?
Deferred Revenue ဆိုတဲ့ခေါင်းစဉ်နဲ့ ကုမ္ပဏီကနေ ကိုယ့်ရဲ့ Customers ဝယ်ယူသူတွေအပေါ် ပေးရန်တာဝန်ရှိနေတယ်လို့ အဓိပ္ပါယ်ရတဲ့ Liability အကောင့်အောက်မှာ ဖေါ်ပြပေးရမယ်..တဲ့။
Unearned Revenue လို့လည်းခေါ်ကြပါတယ်။
နောက်တစ်နှစ်ကုန်တဲ့အခါ်မှ ဒေါ်လာ ၂ သိန်းဟာ Revenue အရောင်းစာရင်းထဲရောက်လာမှာပါ။
ဒေါ်လာ ၂ သိန်းစာ ပေးရမယ့်တာဝန်လည်း လျော့လာတာပေါ့။ Decrease Liability
နောက်နှစ်တွေလည်း ဒီအတိုင်းဘဲဖြစ်သွားရမှာပါ။ ၃ နှစ်ပြည့်တဲ့အထိ။
ကုမ္ပဏီအတော်များများဟာ ဒီလိုနည်းနဲ့ ရောင်းကြတာဟာ အရောင်းတက်ဘို့ဆိုတာထက် ငွေသားစီးဝင်မှု Cash Flow (Cash Inflow) ကောင်းအောင်စီမံကြတာပါ။ ဈေးကိုလည်း အတတ်နိုင်ဆုံး လျော့ယူလေ့ရှိကြပါတယ်။
ဥပမာ..
၁၊ Air Asia မှာ ကြိုတင်လက်မှတ်ဝယ်လို့ရတယ်။ များများရက်ကြိုလေ များများသက်သာလေဘဲ။
၂၊ တက္ကသိုလ်တွေမှာဆိုရင် ၂ နှစ်ခွဲလောက်တက်ရမယ့် မာစတာဒီဂရီအတွက် ကျောင်းလခကို တခါတည်းသွင်းရင် ဘယ်လောက် ဈေးလျော့တယ်ပေါ့။
၃၊ အဖွဲ့အစည်းတခုခုရဲ့ မန်ဘာကြေးကို ၅ နှစ်စာကြိုသွင်းထားရင် ပလက်တီနမ်မန်ဘာ၊ ဘာညာပေါ့။
အရောင်းအဝယ်တစ်ခုဟာ ကုန်ပစ္စည်းပေးပြီး၊ အင်ဗွိုက်ပေးပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ရတာတွေလည်း ရှိနိုင်တာဘဲလေ။
နိုင်ငံကြီးတွေမှာတော့ အဝတ်အစား ဝယ်ပြီး မကြိုက်ရင် ပြန်ပေးပြီး ငွေပြန်တောင်းလို့ရတယ်..ဆိုလားဘဲ။
တံဆိပ်၊ လေဘယ်တော့ မကွာစေနဲ့တဲ့။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ တွေ့ဘူးပါရဲ့။
Walmart ရဲ့ ကုမ္ပဏီအရှုံးအမြတ် ဘဏ္ဍာရေးရှင်းတမ်း Income Statement မှာတော့..
Revenue ကိုဖေါ်ပြတဲ့အခါမှာ အရောင်းဝင်ငွေ Sales လို့မပြောဘဲ အသားတင်အရောင်းဝင်ငွေ Net Sales လို့ရေးထားတယ်။
Revenue အရောင်းတန်ဘိုးဟာ ကုမ္ပဏီရဲ့အရှုံးအမြတ်အထိ ထိခိုက်ပတ်သက်မှုတွေရှိတယ်။
အသားတင်အမြတ် Net Profit ဟာ အမြတ်ဝေစု ခွဲဝေပေးမှုအထိ ပတ်သက်လာတယ်။
နောက်ပိုင်း Net Profit အနည်း အများဟာ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းအထိ ပတ်သက်မှုတွေရှိလာတယ်။
ကုမ္ပဏီအတွင်းမှာလည်း စွမ်းဆောင်ရည်ကိုတွက်တာ၊ ဆုကြေးပေးတာတွေဟာ Profit ကိုကြည့်ပြီး ပြောလေ့ရှိကြတယ်။
Revenue Recognition
Revenue Recognition ဟာ ကုမ္ပဏီနဲ့ ပတ်သက်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။
စာရင်းဇယားစနစ်၊ စာရင်းဇယားအယူအဆတွေဟာ အရောင်းစာရင်း Revenue Figure တွေအပေါ် လွှမ်းမိုးမှုရှိပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးပေါ်လစီတွေ တိုးတက်ပြောင်းလဲလာတာနှင့်အမျှ မိသားစုစီးပွားရေးလုပ်ငန်းတွေကနေ အများပိုင် ကုမ္ပဏီတွေတည်ထောင်လာကြတယ်။
အများပိုင် ကုမ္ပဏီတွေဖြစ်လာတော့ ဒီထဲမှာ တာဝန်ယူလုပ်ကိုင်နေတဲ့ ထိပ်ပိုင်းအရာရှိတွေမှာ ပိုပြီးတာဝန်ကြီးလာတယ်။ ပိုပြီး ပွင့်လင်းမြင်သာမှုရှိဘို့လိုလာတယ်။
ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွေကို အတိအလင်းချပြရတယ်။
ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွေမှာလည်း နိင်ငံတော်အစိုးရ အသိအမှတ်ပြု စာရင်းစစ်တွေရဲ့ အစီရင်ခံစာ၊ မှတ်ချက်တွေနှင့်တကွ ရှင်းလင်းချက်တွေပေးထားရပါတယ်။
ဒီနေရာမှာ စာရင်းဇယားတွေရဲ့ “စံ” Standard တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍတခုဖြစ်လာပါတယ်။
စာရင်းဇယား စံသတ်မှတ်ချက်တွေမတူရင် စာရင်းတစ်ခုအပေါ်မှာ အဓိပ္ပါယ်ကောက်ယူမှုတွေ အနည်းငယ်လွဲနေနိုင်ပါတယ်။
ဒီစာရင်းဇယားနဲ့ တိုက်ရိုက်ပတ်သက်သူတွေကြားမှာလဲ အငြင်းပွားမှုတွေရှိလာတတ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။